International News

ထိုင်းနိုင်ငံ၊ အစိုးရအဖွဲ့၏ နှစ်သစ်ကူးလက်ဆောင်အဖြစ် ၂၀၂၃ ခုနှစ်အတွက် ဈေးဝယ်ယူခြင်းဆိုင်ရာတစ်ဦးချင်းဝင် ငွေခွန်ကင်းလွတ်သက်သာခွင့်ရှိသည့် ဝင်ငွေပမာဏအား သတ်မှတ်ပြဋ္ဌာန်းပေးထား

Last Updated:

ထိုင်းနိုင်ငံ၊ အစိုးရအဖွဲ့သည် နိုင်ငံအတွင်း ငွေကြေးလည်ပတ်စီးဆင်းမှု ကောင်းမွန်စေရန်၊ တုံ့ဆိုင်းနေသော ထိုင်းနိုင်ငံ၏ စီးပွားရေးကို လှုံ့ဆော်တွန်းအားပေးနိုင်ရန်နှင့် အီလက်ထရောနစ်အခွန်ပြေစာ (Electronic Tax Invoice) များအား ပိုမိုသုံးစွဲလာစေရန် အစရှိသည့် မျှော်မှန်းချက်များဖြင့် ၂၉-၁၂-၂၀၂၂ ရက် နေ့တွင် Thailand Tax Ministerial Regulation No. 386 ကို သတ်မှတ်ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါအမိန့်ကြော်ငြာစာသည် ၂၀၂၃ ခုနှစ်အတွက် ဈေးဝယ်ယူခြင်း ဆိုင်ရာတစ်ဦးချင်းဝင်ငွေခွန် (Personal Income Tax Shopping Allowance) ကင်းလွတ်သက်သာခွင့်ပြုထားသော ဝင်ငွေပမာဏအား တရားဝင်လျှော့ပေါ့ခွင့် ပြုပေးခြင်းဖြစ်ပါသည်။

အဆိုပါဈေးဝယ်ယူခြင်းဆိုင်ရာတစ်ဦးချင်းဝင်ငွေခွန် (Personal Income Tax) ကင်းလွတ်သက်သာခွင့်ရှိသည့်ဝင်ငွေပမာဏအား ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင်လည်း ကောင်း အသီးသီးခွင့်ပြုပေးခဲ့ပြီး ယခုအခါ ၂၀၂၃ ခုနှစ်အတွက် ထပ်မံခွင့်ပြုပေး ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၂၀၂၃ ခုနှစ်အတွက် ဈေးဝယ်ယူခြင်းဆိုင်ရာအခွန်ကင်းလွတ်သက်သာခွင့် ပြုချက်နှင့်စပ်လျဉ်းသည့် Ministerial Regulation N0. 386 ပါ အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • ကင်းလွတ်သက်သာခွင့်ပြုခြင်းဆိုင်ရာ အကျုံးဝင်သည့်ကာလမှာ ၁-၁-၂၀၂၃ ရက်နေ့မှ ၁၅-၂-၂၀၂၃ ရက်နေ့အထိဖြစ်ပါသည်။
  • ဈေးဝယ်ယူခြင်းဆိုင်ရာ တစ်ဦးချင်းဝင်ငွေခွန်ကင်းလွတ်သက်သာ ခွင့်ပြုခြင်း၌ အဆိုပါခွင့်ပြုကာလအတွင်း တန်ဖိုးဖြည့်ခွန်မှတ်ပုံတင် ထားသည့် အရောင်းဆိုင်များ/ စီးပွားရေးလုပ်ငန်းများ (VAT Registered Businesses) သို့မဟုတ် တန်ဖိုးဖြည့်ခွန်မှတ်ပုံတင်မ ထားသည့်အရောင်းဆိုင်များ (Non-VAT Registered Sellers) မှ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအား ဝယ်ယူသုံးစွဲခြင်းအတွက် ထုတ်ပေးသော ပြေစာ/ အခွန်ပြေစာ (Receipt/ Tax Invoice) ကို စာရွက်စာတမ်းပုံစံ (Paper Form) ဖြင့် ဖြစ်စေ၊ အီလက်ထရောနစ် ပုံစံ (Electronic Form) ဖြင့်ဖြစ်စေ ပြသနိုင်ပါက အောက်ပါအတိုင်း ကင်းလွတ်သက်သာခွင့်ပြုမည်ဖြစ်ပါသည်-
    • အမှန်တကယ်ဝယ်ယူသည့်ပမာဏ၊ သို့သော် ထိုင်းဘတ်ငွေ ၃၀,၀၀၀ ထက်မပိုဘဲ ကင်းလွတ်သက်သာခွင့်ပြုမည်။ (ဘတ် ၃၀,၀၀၀ * ကျပ် ၈၀ = ၂၄၀၀,၀၀၀)
  • အဆိုပါကင်းလွတ်သက်သာခွင့်ပြုထားသောကာလအတွင်း တန်ဖိုးဖြည့်ခွန် မှတ်ပုံတင်ထားသည့် အရောင်းဆိုင်များ/ စီးပွားရေးလုပ်ငန်းများ (VAT Registered Businesses) မှ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုဝယ်ယူသုံးစွဲခြင်းအတွက် ထုတ်ပေးသော ပြေစာ/ အခွန် ပြေစာ (Receipt/ Tax Invoice) အား အီလက်ထရောနစ်ပုံစံ (Electronic Form) ဖြင့် ပြသနိုင်ပါက အောက်ပါအတိုင်း ကင်းလွတ် သက်သာခွင့်ပြုမည်ဖြစ်သည်-
    • အမှန်တကယ်ဝယ်ယူသည့်ပမာဏ၊ သို့သော် ထိုင်းဘတ်ငွေ ၁၀,၀၀၀ ထက်မပိုဘဲ ကင်းလွတ်သက်သာခွင့်ပြုမည်။ (ဘတ် ၁၀,၀၀၀ * ကျပ် ၈၀ = ၈၀၀,၀၀၀)

ကင်းလွတ်သက်သာခွင့်ရရှိသည့်ဝယ်ယူမှုများ (Permitted Purchase)

  • ကင်းလွတ်သက်သာခွင့်ရရှိသည့်ဝယ်ယူမှု (Permitted Purchase) များမှာ အောက်ပါတို့ဖြစ်ပါသည် -
  • တန်ဖိုးဖြည့်ခွန်မှတ်ပုံတင်ထားသည့် အရောင်းဆိုင်များ/စီးပွားရေးလုပ်ငန်းများ (VAT Registered Businesses) မှ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအား ဝယ်ယူသုံးစွဲခြင်း။
  • တန်ဖိုးဖြည့်ခွန်မှတ်ပုံတင်မထားသည့် အရောင်းဆိုင်များ (Non-VAT Registered Sellers) မှ ကုန်ပစ္စည်းဝယ်ယူခြင်း သို့မဟုတ် ဝန်ဆောင်မှုအား ဝယ်ယူသုံးစွဲခြင်း၌ အောက်ဖော် ပြပါကုန်ပစ္စည်းများဝယ်ယူခြင်းကိုသာ ကင်းလွတ်သက်သာ ခွင့်ရရှိပါမည် -
    • စာအုပ် (Book) များ၊
    • အင်တာနက်မှတဆင့် ဝယ်ယူသည့် အီလက်ထရောနစ် စာအုပ် (E-Book) များ၊
    • ဒေသဖွံ့ဖြိုးရေးဌာန (Department of Community Development) ၌ မှတ်ပုံတင်စာရင်းရေးသွင်းထားသည့် ဒေသတစ်ခု ထွက်ကုန်ပစ္စည်းတစ်မျိုး (One Tambon One Product-OTOP) စာရင်းဝင်ကုန်ပစ္စည်းများ၊

ကင်းလွတ်သက်သာခွင့်မရရှိသည့်ဝယ်ယူမှုများ (Non-Permitted Purchase)

  • အခွန်ကင်းလွတ်သက်သာခွင့်မရရှိသည့် ကုန်ပစ္စည်းများမှာ အောက်ပါတို့ဖြစ်ပါသည် -
  •  ဘီယာ၊ ဝိုင်နှင့် အရက်အမျိုးမျိုး၊
  • စီးကရက်၊
  • မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် စက်လှေများ၊
  • သတင်းစာနှင့် မဂ္ဂဇင်းများ၊
  • အင်တာနက်မှတဆင့် ဝယ်ယူသည့် အီလက်ထရောနစ်သ တင်းစာနှင့် မဂ္ဂဇင်းများ (E-Newspapers and Magazines)၊
  • ခရီးသွားအေဂျင်စီများနှင့် ဧည့်လမ်းညွှန်များသို့ ပေးဆောင်ထားသည့် ခရီးသွားလာခြင်းဆိုင်ရာဝန်ဆောင်ခများ၊
  • ဟိုတယ်များသို့ ‌ပေးဆောင်ထားသည့် တည်းခိုနေထိုင်မှုဆိုင်ရာဝန်ဆောင်ခများ၊
  • ရေ၊ မီး၊ တယ်လီဖုန်းနှင့် အင်တာနက်ဝန်ဆောင်ခများ၊
  • ၁-၁-၂၀၂၃ ရက်နေ့မှ ၁၅-၂-၂၀၂၃ ရက်နေ့မတိုင်မီ ပေးဆောင် ထားသည့် ဝန်ဆောင်မှုဆိုင်ရာသဘောတူညီချက်များပါ ဝန် ဆောင်ခများ၊
  • အထွေထွေအာမခံပရီမီယံကြေးများ (Non-Life Insurance Premium)။
  • Ministerial Regulation No. 386 ပါ သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အခွန်ကင်းလွတ်သက်သာခွင့် အား ပြန်လည်တောင်းခံနိုင်ရေးအတွက် (က) ဝယ်ယူမှုများအတွက် ပြေစာ/ အခွန်ပြေစာများ သိမ်းဆည်းထားရှိရန်လိုအပ်မည်ဖြစ်ပြီး အခွန်ဌာန (Revenue Department) ၏ ထပ်တိုးစည်းမျဉ်း၊ စည်း ကမ်းများနှင့် လုပ်ငန်းစဉ်များကို လိုက်နာရမည် ဖြစ်ပါသည်။
  • သတိပြုရန်အချက်မှာ စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီမှုမရှိ သည်ကို ထိုင်းနိုင်ငံ၊ အခွန်ဌာန (Revenue Department) ၏ အခွန် စာရင်းစစ်ဆေးရေးအရာရှိ (Tax Audit Officer) မှ စစ်ဆေးတွေ့ရှိ ပါက ကင်းလွတ်သက်သာခွင့်များဆုံးရှုံးမည်ဖြစ်သကဲ့သို့ နောက် ကြောင်းပြန်အခွန် (Back-Tax) ပေးဆောင်ရမည်ဖြစ်သည့်အပြင် ပြစ်ဒဏ်ချမှတ်ခံရခြင်းနှင့် အပိုဒဏ်ကြေးပေးဆောင်ခြင်းတို့ကို ခံရမည်ဖြစ်ပါသည်။
  • အဆိုပါကင်းလွတ်သက်သာခွင့်အား ထိုင်းနိုင်ငံ၊ အစိုးရအဖွဲ့အနေဖြင့် နိုင်ငံသားများနှင့် စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် နှစ်သစ်ကူးလက်ဆောင် (New Year Gift) အဖြစ် ခွင့်ပြုပေးအပ်ခြင်းဖြစ်ပြီး ၁၃-၁၂-၂၀၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့အစည်းအဝေး၌ ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။
  • ထိုင်းနိုင်ငံ၊ အစိုးရအဖွဲ့အနေဖြင့် ထိုကဲ့သို့ ကင်းလွတ်သက်သာခွင့်ပြုပေးခြင်းကြောင့် ထိုင်းဘတ်ငွေ ၅၆ ဘီလီယံခန့် နိုင်ငံ၏ ငွေကြေးလည်ပတ်စီးဆင်းမှုသို့ ထည့်သွင်းပေးနိုင်မည်ဖြစ်ခြင်း၊ နိုင်ငံ၏ စီးပွားရေးကို လှုံ့ဆော်တွန်းအားပေးရာရောက်နိုင်ခြင်းနှင့် နိုင်ငံသား များ၏ အီလက်ထရောနစ်ပြေစာ/ အခွန်ပြေစာ (Electronic Receipt/ Tax Invoice) များ ပိုမိုသုံးစွဲခြင်းကို တွန်းအားပေးရာ ရောက်ခြင်းအစရှိသည့် အကျိုးရလာဒ်များကို မျှော်မှန်းထားရှိသည်။

 

 

 

( ပြည့်ဖြိုးအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)

Category: International News